ချောင်းဦးမြို့၌ တောင်သူနည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား

ချောင်းဦး မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးအတွင်း သီးနှံမျိုးကောင်း မျိုးသန့်ထုတ်လုပ်ရေး တောင်သူနည်းပညာပေးသင်တန်းအား မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

သင်တန်းသို့ ၂၀၂၄-၂၀၂၅ခုနှစ် နွေနှင့်မိုးကြိုစိုက်ပျိုးရာသီ စံပြကွက်စိုက်ပျိုးသော အကျိုးဆောင် တောင်သူများအား ဖိတ်ကြားခဲ့သည်။ ပထမဦးစွာ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေမှ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ဝန်ထမ်း များက သင်ခန်းစာများ ဆက်လက်ပို့ချပေးခဲ့သည်။

ထို့နောက် သင်တန်းတက်ရောက်သည့် အကျိုးဆောင်တောင်သူများအား နွေနှင့်မိုးကြိုသီးနှံများ ဖြစ်သော စပါး၊ ဝါ၊ နှမ်းနှင့် ပဲတီစိမ်းသီးနှံများ အထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့၊ ဓာတ်မြေသြဇာ၊ အပင်အားဆေးနှင့် ရေတင်ဒီဇယ်ဆီများ အခမဲ့ ချီးမြှင့်ပေးအပ်ခဲ့သည်။

သင်တန်းသို့ စံပြကွက်စိုက်ပျိုးသော အကျိုးဆောင်တောင်သူ (၄၄) ဦး ဌာနဆိုင်ရာဝန်ထမ်း (၁၄) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၁ရက်ဖြစ်ကြောင်း၊ ချောင်းဦးမြို့နယ်အနေဖြင့် ယခုနှစ် နွေနှင့်မိုးကြိုစိုက်ပျိုးရာသီတွင် နွေစပါး ၂၈၀ ဧက၊ နွေနှမ်း ၂၇၃၉ ဧက၊ မိုးကြိုပဲတီစိမ်း ၁၂၉၅၀ ဧက၊ မိုးကြိုချည်မျှင်ရှည်ဝါ ၂၅ ဧကတို့အား စီမံကိန်း လျာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေထံမှ သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)