သထုံ မတ် ၁၁
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး လှုပ်ရှားမှုအခမ်းနားကို ယနေ့နံနက်က လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က အမှာစကားပြောကြားပြီး မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအားပြသခြင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သနပ်ခါးသည်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ယင်းနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုယုဇော်က မြန်မာ့သနပ်ခါးဓလေ့၏ သမိုင်းကြောင်း၊ သနပ်ခါး၏အသုံးဝင်မှု အသုံးပြုပုံနှင့် အရေးပါမှု၊ မွန်ပြည်နယ်အတွင်း ထင်ရှားသည့် သနပ်ခါးဓလေ့နှင့်ပွဲတော်များစသည့် သိမှတ်ဖွယ်ရာတို့ ဆွေးနွေးပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပအိုဝ်း၊ ကရင်၊ မွန် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တို့က ရိုးရာယဉ်ကျေးမှုအကတို့ဖြင့်ဖျော်ဖြေကြကာ တာဝန်ရှိသူတို့က ဖျော်ဖြေရေးအဖွဲ့တို့အား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါလှုပ်ရှားမှုအခမ်းအနားသို့ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်တို့မှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ကိုယ်တိုင်သနပ်ခါးသွေး၍ ပျော်ရွှင်စွာလိမ်းခြယ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်