သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့သနပ်ခါးလှုပ်ရှားမှုအဖြစ်​ မြန်မာ့သနပ်ခါးအကြောင်းသိ​ကောင်းစရာဟော​ပြောပွဲပြုလုပ်

သံဖြူဇရပ်     မတ်    ၁၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြန်မာ့ယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ်ထင်ရှားလာစေရန်ရည်ရွယ်၍ မြန်မာ့သနပ်ခါးယဉ်​ကျေးမှုဓ​လေ့လှုပ်ရှားဆောင်ရွက်မှုအဖြစ် မြန်မာ့သနပ်ခါးအ​ကြောင်းသိ​ကောင်းစရာ​ဟော​ပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းကမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအ‌ခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့ဥက္ကဋ္ဌ ​ဒေါ်ဝင်းဝင်းမာကမြန်မာ့သနပ်ခါးသည် မြန်မာလူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာစေရန် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းစေရေး အကောင်အထည်ဖော်‌ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက်​ရောက်လာကြသည်သနပ်ခါးကိုချစ်မြတ်နိုးသူများမှလည်း မြန်မာ့သနပ်ခါး​နေ့လှုပ်ရှား​ဆောင်ရွက်မှုအခမ်းအနားများတွင် စိတ်အားထက်သန်စွာအတူတကွပူး​ပေါင်းပါဝင်​ဆောင်ရွက်ကြ​စေ​ရေး​ပြောကြားသည်။

ထို့​နောက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ ​ဒေါ်အေး​အေးသီက‌ သနပ်ခါး၏ဆေးဖက်ဝင်ပုံအကြောင်းအရာများနှင့်  မြန်မာ့ရိုးရာသနပ်ခါးသမိုင်း၊ ဆယ့်နှစ်လရာသီအလိုက်သနပ်ခါးပွဲ​တော်များအကြောင်းအရာကိုဟောပြောခဲ့သည်။ ထို့​နောက်အခမ်းအနားသို့ တက်ရောက်လာသူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက  သနပ်ခါးလိမ်းခြယ်မှုများကိုလက်တွေ့သရုပ်ပြလိမ်းခြယ်​ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)