သံဖြူဇရပ် မတ် ၁၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြန်မာ့ယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ်ထင်ရှားလာစေရန်ရည်ရွယ်၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့လှုပ်ရှားဆောင်ရွက်မှုအဖြစ် မြန်မာ့သနပ်ခါးအကြောင်းသိကောင်းစရာဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာကမြန်မာ့သနပ်ခါးသည် မြန်မာလူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာစေရန် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းစေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက်ရောက်လာကြသည်သနပ်ခါးကိုချစ်မြတ်နိုးသူများမှလည်း မြန်မာ့သနပ်ခါးနေ့လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားများတွင် စိတ်အားထက်သန်စွာအတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေးပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက သနပ်ခါး၏ဆေးဖက်ဝင်ပုံအကြောင်းအရာများနှင့် မြန်မာ့ရိုးရာသနပ်ခါးသမိုင်း၊ ဆယ့်နှစ်လရာသီအလိုက်သနပ်ခါးပွဲတော်များအကြောင်းအရာကိုဟောပြောခဲ့သည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက သနပ်ခါးလိမ်းခြယ်မှုများကိုလက်တွေ့သရုပ်ပြလိမ်းခြယ်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)