မိုင်းပျဉ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အ.ထ.ကစာစစ်ဌာနသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

မိုင်းပျဉ်း မတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနဖြစ်သော အခြေခံပညာအထက်တန်းကျောင်းသို့ မီးသတ်ဦးစီးဌာနမှမီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နေ့လယ် ၁၂ နာရီက အဆိုပါကျောင်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ၂၀၂၄−၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာပျော်ရွှင်စွာဖြင့် စာမေးပွဲဖြေဆိုနိုင်စေရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှုမရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရမောင်နှင့်  မီးသတ်တပ်ဖွဲ့များက တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနဖြစ်သော အခြေခံပညာအထက်တန်းကျောင်းရှိ စာဖြေခန်းများတွင် မီးကြိုးများတပ်ဆင်ထားရှိမှုအခြေအနေ၊ မီးသတ်ဆေးဗူးထားရှိမှု၊ ကျောင်းဝင်းအတွင်းရေကန်များရေဖြည့်သွင်းထားရှိမှု၊ အမှိုက်သရိုက်များအား စနစ်တကျရှင်းလင်းထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများထားရှိမှုတို့ကိုလည်းကောင်း၊ စာမေးပွဲမေးခွန်းလွှာများထားရှိရာ မြို့မရဲစခန်းတို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှုမရှိစေရေးတို့အတွက် မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ထားရှိစေရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးဘေးအန္တရာယ်ကင်းရှင်းရေးကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူအကြီးအကဲများကလည်း ပါဝင်အားဖြည့်ဆောင်ရွက်ပေးခဲ့ပြီး၊ မီးသတ်ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင်များအား အလှည့်ကျမီးဘေးလုံခြုံရေး၊ ကျောင်းပတ်ဝန်းကျင်လုံခြုံရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။   

နန်းသန္တာဦး(ပြန်/ဆက်)