ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကာတွန်းရေးဆွဲနည်းသင်တန်း ဆက်လက်ဖွင့်လှစ်

ရန်ကင်း မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန်အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံကာတွန်းရေးဆွဲနည်း အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲ အချိန်ကစ၍ ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆက်လက်သင်တန်းဖွင့်လှစ်ရာတွင် သင်တန်းဆရာ မောင်မြတ်နိုး (ရန်ကင်း)က သင်တန်းတွင် ကာတွန်းပုံရေးဆွဲသည့် မျဉ်းကွေး၊ မျဉ်းဖြောင့်၊ မတ်မျဉ်း၊ စက်ဝိုင်းပုံ၊ တြိဂံပုံ စသည့်တို့ဖြင့် အခြေခံတည်ဆောက်ရေးဆွဲမည့် အကြောင်းအရာများနှင့်ပတ်သက်၍ စာတွေ့ လက်တွေ့ပို့ချသင်ကြားခဲ့ပါသည်။
ကာတွန်းရေးဆွဲနည်းအခြေခံသင်တန်းကို ဒုတိယနေ့ ဆက်လက်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ သင်တန်းသို့
ရန်ကင်းမြို့နယ်အတွင်းရှိအခြဃံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၆၅)ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၁၀ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့အထိ နံနက် (၉) နာရီခွဲမှ (၁၁) နာရီခွဲအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မတ်လ ၁၉ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့ထိကို ပန်းချီရေးဆွဲနည်းအ​ခြေခံသင်တန်းကို ဆက်လက်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)