ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း  စစ်ဆေးအသိပညာပေးခြင်းဆောင်ရွက်

ဆိပ်ကြီးခနောင်တို  မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက  ယမန်နေ့နံနက်ပိုင်းမှစ၍  သခင်ဘသောင်းရပ်ကွက်တွင်  ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ  ဒုတိယဦးစီးမှူးဦးထွန်းထွန်းအောင်ဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်များ၊  သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ရပ်ကွက်အတွင်းရှိလူနေအိမ်များအတွင်း မီးလောင်၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှု အခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊  အမှိုက်နှင့်လောင်စာများအား စနစ်တကျစွန့်ပစ်ရေး၊ ညအိပ်ချိန်ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေများအား စနစ်တကျ သေချာစွာ ဂရုပြုငြှိမ်းသတ်ရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကပ်များ စနစ်တကျထားရှိရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာမြို့နယ် မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရေး တစ်အိမ်တက်ဆင်း လိုက်လံအသိပေးပြောကြားခြင်းအပြင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်များအတွင်းသို့လည်း အသံချဲ့စက်ဖြင့်  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  လိုက်လံသတိပေး နှိုးဆော်လျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ  ယခုကဲ့သို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးအသိ ပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ သတ်မှတ်ရက်များအလိုက်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)