နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် နေပြည်တော်ဒေသန္တရတန်ဘိုး မှတ်တမ်းတင်ရေး ဆပ်ကော်မတီအစည်းအဝေးတက်ရောက်

နေပြည်တော် မတ် ၁၁

နေပြည်တော်ဒေသန္တရတန်ဘိုး မှတ်တမ်းတင်ရေးဆပ်ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ဒေသန္တရတန်ဘိုး မှတ်တမ်းတင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ နေပြည်ဝောာ် စည်ပင်သာယာရေးကော်မတီ၊ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌများနှင့် ဆပ်ကော်မတီဝင်များ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ဒေသန္တရတန်ဘိုး မှတ်တမ်းတင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က အမှာစကားပြောကြားရာတွင် ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ၌ အသုံးပြုရမည့်လုပ်ငန်းသုံးပစ္စည်းဈေးနှုန်းများ၊ လုပ်အားခဈေးနှုန်းများ၊ သယ်ယူပို့ဆောင်ခဈေးနှုန်းများနှင့် ငှားရမ်းခဈေးနှုန်းများကို စာရင်းပြုစုစိစစ်သတ်မှတ်၍ အတည်ပြုပေးနိုင်ရေးနှင့် ပြင်ပပေါက်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပြီး သင့်လျော်သောဈေးနှုန်းများဖြစ်အောင် စနစ်တကျစိစစ်ဆုံးဖြတ်ကြရန်လိုအပ်ကြောင်း၊ ဒေသပေါက်ဈေးနှုန်းများသတ်မှတ်ရာတွင်လုပ်ငန်းတူ၊ အမျိုးအစားတူပစ္စည်း/လုပ်ငန်းများတွင် ဈေးနှုန်းများကွဲလွဲမှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရဈေးနှုန်းစာအုပ်များကိုအချိန်မီထုတ်ပြန်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းအားထည့်ဆောင်ရွက်ကြရန် လိုအပ်‌ကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ဒေသန္တရတန်ဘိုး မှတ်တမ်းတင်ရေးဆပ်ကော်မတီအတွင်းရေးမှူး၊ နေပြည်တော် လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်းက နေပြည်တော်အတွင်း သက်ဆိုင်ရာကဏ္ဍအလိုက် ဒေသန္တရဈေးနှုန်းစာအုပ်များ စာရင်းပြုစုမှတ်တမ်းတင်နိုင်ရေး ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာဆပ်ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြသည်။

‌ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က တင်ပြချက်များနှင့် စပ်လျဉ်း၍လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)