ဒဂုံတောင် မတ် ၁၁
မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်(၂၅)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ မြို့နယ်အားကစားတွင် စည်ကားသိုက်မြိုက်စွာကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)အသင်းနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)အသင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးအားကစားသမားဆု ရရှိခဲ့ကြသည့် အားကစားသမားများကို ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်ဖြစ်သော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ပြီး အသင်းလိုက်ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ကြကြောင်း သတင်းရရှိသည်။
နေမျိုးအောင်