နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၃)၏  သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဗဟန်း မတ် ၁၁

အရာထမ်းလောင်း(အထူး)သင်တန်း၊ အမှတ်စဉ်(၁၃)၏ သင်တန်းဆင်းစစ်ရေးပြအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် တက္ကသိုလ်စစ်ရေးပြကွင်း(၁)၌ ကျင်းပခဲ့ရာ  ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်ဦးဆန်းမြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ တာဝန်ရှိပုဂ္ဂိုလ်များ၊  သင်တန်းသား၊  သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် အရာထမ်းလောင်းများအနေဖြင့် သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာဌာနအသီးအသီးတွင် အတည်ပြုအရာထမ်းများအဖြစ် စတင်တာဝန်ထမ်းဆောင်ကြရမည်ဖြစ်၍ နိုင်ငံရေးနှင့်စီးပွားရေးစနစ်များ၊ အစိုးရအဖွဲ့များမည်သို့ပင် ပြောင်းလဲစေကာမူ နိုင်ငံတော်ယန္တရားတစ်ခုလုံး စဉ်ဆက်မပြတ်ကောင်းမွန်စွာ သက်ဝင်လှုပ်ရှားစေရန် နိုင်ငံ့ဝန်ထမ်းများက အဓိကဆောင်ရွက်ကြရပါကြောင်း၊   နိုင်ငံ့ဝန်ထမ်းများထမ်းဆောင်ရမည့်တာဝန်၊  စောင့်ထိန်းရမည့်ကျင့်ဝတ်၊ လိုက်နာရမည့်စည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအပြင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)ကို လိုက်နာကြရန် အထူးမှာကြားလိုပါကြောင်း၊ ခေါင်းဆောင်များရဲ့ အခန်းကဏ္ဍသည် အရေးပါသဖြင့် မိမိအဖွဲ့အစည်းက အားကိုးရသည့် တည်ကြည်ရိုးသားဖြောင့်မတ်ပြီး ကိုယ်ကျင့်တရားမြင့်မားသည့် ခေါင်းဆောင်ဖြစ်ရန်လိုအပ်ကြောင်း၊ ရဲရင့်ပြတ်သားသည့်ဆုံးဖြတ်ချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့်အတူ လက်အောက်ငယ်သားများအပေါ် အဂတိကင်းကင်းနှင့် မှန်ကန်မျှတစွာ ကွပ်ကဲအုပ်ချုပ်သွားရမှာဖြစ်ကြောင်း၊ မိမိတာဝန်ယူရသည့်အဖွဲ့အစည်းကို အရည်အချင်းပြည့်မီအောင် အခက်အခဲအကျပ်အတည်းဟူသမျှ ရင်ဆိုင်ကျော်လွှားနိုင်အောင် ဆောင်ရွက်ခြင်း၊ တက်ညီလက်ညီနှင့် စုပေါင်းဆောင်ရွက်နိုင်စွမ်းရှိအောင် ဖွဲ့စည်းထားနိုင်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်က အရာရာမှာ စံပြဖြစ်အောင် နေထိုင်ကျင့်ကြံပြီး နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို တိတိကျကျလိုက်နာကာ ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်တာများကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာကြပြီး   ကောင်းမွန်စွာ စီမံခန့်ခွဲတတ်သည့် တာဝန်ကျေပွန်သော အရည်အချင်းပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။                                                   

အဆိုပါသင်တန်း၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၁-၃-၂၀၂၅ ရက်နေ့တွင် ရတနာသိင်္ဃဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပ၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာလက်မှတ်များ ပေးအပ်မည်ဖြစ်ပါသည်။ သင်တန်းသို့ သင်တန်းသား(၂၆)ဦး၊ သင်တန်းသူ(၉၅)ဦး၊ စုစုပေါင်း(၁၂၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၈-၁၁-၂၀၂၄ ရက်နေ့မှ ၁၁-၃-၂၀၂၅ ရက်နေ့ထိဖြစ်ကြောင်း သတင်းရရှိသည်။

အောင်မြင့်(ပြန်/ဆက်)