ကျောက်ပန်းတောင်း မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် ၁၈ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ကျောက်ပန်းတောင်းမြို့ လွတ်လပ်ရေးရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် ၁၈ နှစ်အောက် အမျိုးသားအလပ် အသင်းပေါင်းစုံ ဘော်လုံးပြိုင်ပွဲကို အုပ်စု(၂)ခုခွဲ၍ ၂၀၂၅ ခုနှစ်၊ မတ်လ(၂)ရက်နေ့မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အုပ်စု(က)တွင် T.G FC အသင်း ၊ 2.5 FC အသင်း၊ Nan Taw Win FC အသင်းတို့ပါဝင်ပြိး၊ အုပ်စု(ခ)တွင် Unity FC အသင်း၊ Youth Star FC အသင်းတို့ပါဝင်ကြပြီး၊ ယနေ့ နောက်ဆုံး ဗိုလ်လုပွဲတွင် Nan Taw Win FC အသင်း နှင့် Unity FC အသင်း တို့ ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ပြီး၊ Nan Taw Win FC အသင်းက Unity FC အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။ ဆုချီးမြှင့်ပွဲကို အဆိုပါ ကွင်းတွင် ဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးခဲ့သည့် ဒိုင်လူကြီးအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုလတ်က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်၍ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုကို ညောင်ဦးခရိုင် အားကစားမှူး ဒေါ်ညိုညိုထွေးက ပေးအပ်ချီးမြှင့်ပြီး၊ ဗိုလ်လုပွဲ အကောင်းဆုံး နောက်တမ်းဆု၊ ရှေ့တန်းဆု၊ အလယ်တန်းဆုနှင့် ဂိုးသမားဆုများကို ဌာနဆိုင်ရာအကြီးအကဲများက ပေးအပ်ကြပြီး၊ ဒုတိယဆုရရှိသည့် Unity FC အသင်းအတွက် ငွေသားဆုကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးစိုးက ပေးအပ်ချီးမြှင့် ၍ ပထမဆုရ Nan Taw Win FC အသင်းအတွက် တစ်ဦးချင်းဆုတန်ဆိပ်များနှင့် ငွေသားဆု၊ ဆုဖလားတို့ကို မြို့နယ်အား ကစားနှင့်ကာယ ပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပေးအပ်ချီးမြှင့်၍ ပြိုင်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ ဘောလုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင် အားကစားမှူး ဒေါ်ညိုညိုထွေးနှင့် မြို့နယ်အားကစားမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)