ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်

စစ်တွေ  မတ် ၁၁

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မတ်လ(၈)ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးက အမျိုးသမီးများအတွက် အထင် ကရနေ့တစ်နေ့ဖြစ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ကြောင်း၊ နှစ်စဉ်ထိုနေ့ရောက်တိုင်း အမျိုးသမီးများ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်မှုများကို ပိုမိုအာရုံစိုက်မိလာစေရန်နှင့် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထား အကောင်အထည်ဖော်လာ‌စေရန်ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားများကို ယခုကဲ့သို့ ကမ္ဘာနှင့်အဝန်းကျင်းပကြမြဲဖြစ်ကြောင်း၊ ယခုနှစ် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆောင်ပုဒ်မှာ “တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများစွမ်းရည်မြှင့်တင်စို့”(For all women and girl : Rights, Equality, Empowerment!)ဖြစ်ကြောင်း၊ အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိရန်နှင့် ရရှိသောအခွင့်အရေးကို ကောင်းစွာအသုံးချရန်အတွက် အမျိုးသမီးများ၏ စွမ်းဆောင်ရည်များမြင့်မားရန်လည်း လိုအပ်သောပံ့ပိုးမှု စီမံကိန်းများချမှတ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် စွမ်းရည်မြှင့်တင်ပေးခြင်း ကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ဆိုင်ရာ အခွင့်အလမ်းများ၊ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် စာတတ်မြောက်မှုတို့တွင် တန်းတူညီမျှ လက်လှမ်းမီမှုရရှိမည်ဆိုလျှင် ကျား၊ မတန်းတူညီမျှမှုကိုရရှိနိုင်ကြောင်း ဒီဆောင်ပုဒ်က မီးမောင်းထိုးပြခြင်းပဲဖြစ်ကြောင်း၊  အမျိုးသမီးများနှင့် မိန်းကလေးငယ်များ စွမ်းဆောင်ရည်မြင့်မားစေရန်၊ သူတို့၏ လေ့လာနိုင်စွမ်း၊ ဝင်ငွေရှာဖွေနိုင်စွမ်းနှင့် ဦးဆောင်နိုင်စွမ်းများကို ခိုင်မာအားကောင်းလာစေရန် အမျိုးသမီးများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းသည် အနာဂတ်အတွက် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးများသည် မိသားစုအတွင်း၊ ရပ်ရွာလူမှုအဖွဲ့အစည်းအတွင်းသာမက နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များမှာပါ အကျိုးပြုနိုင်သူများ ဖြစ်ကြကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသမီးများ၏ အင်အားကိုပါရယူပြီး လိုအပ်သော ကဏ္ဍတွင် ပါဝင်ခွင့်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အမျိုးသမီးများအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်လိုအပ်သည့် ကျွမ်းကျင်မှုများရရှိစေရန် အစီအစဉ်များဆောင်ရွက်ပေးနေကြောင်း၊ အမျိုးသမီးများလုပ်ငန်းခွင်တွင် နောက်ဆံမတင်းဘဲ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီး ၁၀၀ ဦးနှင့် အထက်ရှိသောစက်ရုံ၊ အလုပ်ရုံများတွင် ကလေးထိန်းဌာနများထားရှိရန် လူမှုဖူလုံရေး ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်နေသည်နှင့်အမျှ အလုပ်အကိုင်ရရှိမှုနှင့်  စီးပွားရေးလုပ်ငန်းများတွင် နည်းပညာသည် အရေးပါသောအခန်းကဏ္ဍက ပါဝင်လျက်ရှိခြင်းကြောင့် အမျိုးသမီးများသည်ခေတ်နှင့်လျော်ညီစွာ နည်းပညာများကို လက်လှမ်းမီသုံးစွဲတတ်ရန်လည်းလိုကြောင်း၊ မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလ သမဂ္ဂ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို အလေးအနက်ထား အကောင်အထည်ဖော်လျက်ရှိကြောင်းနှင့် မြန်မာလူဦးရေ၏ ထက်ဝက်ကျော် အင်အားရှိသော အမျိုးသမီးများ၏စွမ်းရည်ကို အသုံးချနိုင်ရန်နှင့် စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် “တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများ စွမ်းရည်မြှင့်တင်စို့”ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများဘက်စုံ၊ ကဏ္ဍစုံတွင် စွမ်းရည်ပြည့်ဝစေရန် နိုင်ငံတော်အစိုးရနှင့်အတူ ပုဂ္ဂလိက၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး တက်ညီလက်ညီ ပူး‌ပေါင်းကာ အမျိုးသမီးများအပေါ် ဆထက်ထမ်းပိုး တိုးပြီးရင်းနှီးမြှုပ်နှံပေးကြရန်ပြောကြားခဲ့သည်။

ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား ဗီဒီယိုမှတ်တမ်းဖြင့်ပြသပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီဝင် အမျိုးသမီးအဖွဲ့များ၏ အောင်မြင်တိုးတက်မှုများ ဗီဒီယိုမှတ်တမ်းအားပြသသည်။

ထို့နောက် ရခိုင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့မှ သမီးပျိုလေးများက “မှိုဟင်းခူးဇောင်လားကတ်မေ” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က ဂုဏ်ပြု ဆုငွေများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကာအခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)