ပေါင် မတ် ၁၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သနပ်ခါးအလှမယ်ပြိုင်ပွဲကို အ.ထ.က(ပေါင်)ရွှေရတုခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သနပ်ခါးအလှမယ်ပြိုင်ပွဲကို မောင့်ချစ်သူသနပ်ခါးသီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး ပြိုင်ပွဲဝင်များမှ တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် စင်တစ်ပတ်ကိုယ်ဟန်ပြလှည့်လည်ခြင်းများပြသခဲ့သည်။ ဆက်လက်၍ သနပ်ခါးအလှမယ်များမှတစ်ဦးချင်းစီအလိုက် စိတ်ကြိုက်ကိုယ်ဟန်ပြကွက်(၃)ကွက်ဖြင့် ပါဝင်ယှဉ်ပြိုင်ခြင်း၊ ပြိုင်ပွဲဝင်အလှမယ်များမှသနပ်ခါးနှင့်ပက်သက်သည့်တေးသီချင်းသီဆိုခြင်း၊ ကပြခြင်း၊ တေးသရုပ်ဖော်တို့ဖြင့် တစ်ဦးချင်းယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲဝင်အလှမယ်များမှ ဗဟုသုတကြွယ်ဝမှုနှင့်ပတ်သက်၍ ဆန်းစစ်ခြင်းများပြုလုပ်သည်။
ဆက်လက်၍ တာဝန်ရှိသူများကဆုချီးမြှင့်ရာ အ.ထ.ကဇင်းကျိုက်ကျောင်းမှ မလင်းမို့မို့ထွန်းက ပထမဆုငွေကျပ်(၁၀၀၀၀၀/-)ကိုလည်းကောင်း၊ အ.ထ.က(ကျွဲခြံ)ကျောင်းမှ မယွန်းနဒီမောင်က ဒုတိယဆု ငွေကျပ်(၇၀၀၀၀/-)ကိုလည်းကောင်း ၊ အ.ထ.ကဇင်းကျိုက်ကျောင်းမှ မချစ်လွန်းချိုက တတိယဆု ငွေကျပ်(၅၀၀၀၀/-)ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။ ပထမဆုနှင့်ဒုတိယဆု ချီးမြှင့်ရရှိသူနှစ်ဦးသည် မတ်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် မွန်ပြည်နယ်နေ့တွင် ဆက်လက်ပြိုင်ပွဲဝင်သွားမည်ဖြစ်သည်။
အဆိုပါ သနပ်ခါးအလှမယ်ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အတွင်းရှိ အ.ထ.ကကျောင်းများမှ ဆရာမများ၊ ရပ်ကွက်ကျေးရွာပြိုင်ပွဲဝင်များ တက်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)