မော်လမြိုင်မြို့၌ Bow ကလစ်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

မော်လမြိုင် မတ် ၁၁

မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော Bow ကလစ်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က  သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အိမ်တွင်းမှုနှင့်သက်မွေးပညာသင်တန်းကျောင်းက နည်းပြဆရာမက သင်တန်းတွင် သင်ကြားပေးမည့် လက်မှုပညာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေး စကားများပြောကြားခဲ့သည်။ သင်တန်းသို့ မြို့ပေါ်ရပ်ကွက်အသီးသီးမှ သင်တန်းသူ(၂၀)ဦး တက်ရောက်ကြပြီး  မတ်လ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ  Bow ကလစ်ပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)