ကျေးသီး မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် စည်ပင်သာယာဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဝင်းကြိုင်က မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဈေးအတွင်းအပြင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ ရေလှောင်ကန်များတွင် ရေများအဆင့်အသင့်ရှိစေရေး၊ အသေးစားမီးသတ်စက်များအဆင်သင့် စီမံဆောင်ရွက်ထားရှိစေရေး၊ ဈေးသူဈေးသားများမှ မီးဘေးကြိုတင်ကာကွယ်ရေးလိုက်နာဆောင်ရွက်ရန်အချက်များကို အသိပညာပေးပြောကြားခဲ့ပြီး၊ မီးသတ်ဆေးဘူးအသုံးပြုပုံအားရှင်းလင်းပြသ၍ ရေစိုဝတ်ဖြင့်မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရေဖြင့်မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
အဆိုပါ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဇော်မင်းထိုက်နှင့်ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဈေးသူဈေးသားများတက်ရောက်၍ လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာဈေးအတွင်း ဈေးဆိုင်ခန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဇော်မင်းထိုက်နှင့်ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများတို့က မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးလက်ကမ်းစာစောင်ကို ဈေးရောင်းသူ/ဈေးဝယ်သူများအားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းဗွေခမ်း