ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် (၄၁) ကြိမ်မြောက် အသံမစဲအဘိဓမ္မာခုနှစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပုဇွန်တောင် မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး သာသနဇောတိကဓမ္မာရုံတွင် ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၄၁) ကြိမ်မြောက် အသံမစဲအဘိဓမ္မာခုနှစ်ကျမ်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ကြွရောက်လာကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်ဆရာတော်အမှူးပြုသည့် သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် အလှူရှင်ဧည့်ပရိသတ်အပေါင်းမှ နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒစရိယ သီရိမင်္ဂလာကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိဿရမှ ရောင်ခြည်တော်ဖွင့်ဂါထာတော် ရွတ်ဖတ်ပူဇော်ခဲ့သည်။ ဆက်လက်ပြီး ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်နွယ်ထွန်းက အသံမစဲအဘိဓမ္မာခုနှစ်ကျမ်း ရွတ်ဖတ်ပူဇော်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။ ထို့နောက် တက်ရောက်လာကြသူများက ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံတော်သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ သာယာကုန်းပြဿဒ် ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒစရိယဆရာတော် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဩဝါဒကထာ ဟောကြားချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပုညဝဎုနကျောင်းဆရာတော် ဘဒ္ဒန္တသာသနမှ ဥယျောဇနဂါထာတော်ဖြင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာဂါထာကိုဖတ်ကြားရာ ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသူများမှ ပဋ္ဌာန်းပစ္စယုဒ္ဒေသ(၂၄)ပစ္စည်းကို သံပြိုင်ရွတ်ဖတ်ပူဇော်ကြပြီးနောက် အလှည့်ကျဘာဏကဆရာတော်အရှင်သူမြတ်က အဘိဓမ္မာဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် အဆိုပါ(၄၁)ကြိမ်မြောက် အသံမစဲအဘိဓမ္မာခုနှစ်ကျမ်း ရွတ်ဖတ်ပူဇော်ခြင်းကို ၂၀၂၅ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်