ပင်းတယ မတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား ငှက်ပျောတောရပ်ကွက်အတွင်းရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားနယ်မြေအတွင်း၌ မတ်လ ၁၀ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ ဓနုဒေသထွက် MSME ထုတ်ကုန်ပစ္စည်း အရောင်းပြခန်းများလည်း ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။
ထိုသို့ထည့်သွင်းကျင်းပရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှထွက်ရှိသော MSME ထုတ်ကုန်ပစ္စည်းများဖြစ်သည့် ကော်ဖီ၊ လက်ဖက်စို၊ လက်ဖက်ခြောက်နှင့် အခြားသောစားသောက်ကုန်များ၊ အဝတ်လျှော်ဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်များနှင့် အခြားသောလူသုံးကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)