သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ အခြေခံရှေးဦးပြုစုခြင်းနှင့် နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

သုံးခွ မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ကျောင်းသား ကျောင်းသူလူငယ်များ နွေရာသီ ကျောင်းပိတ်ရက်များတွင် ပန်းချီပညာကို အခြေခံမှစ၍ လေ့လာနိုင်စေရန် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုခြင်းနှင့်နွေရာသီ အခြေခံပန်းချီသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ကြက်ခြေနီအသင်းခွဲရုံးခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးမောင်မောင်သင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးဉာဏ်ထွန်းက အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပန်းချီပညာကို အခြေခံမှစ၍ လေ့လာတတ်မြောက်နိုင်စေရန် စေတနာများဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲကနေပြီး ပန်းချီဆရာများနှင့်ပူးပေါင်း၍ ယနေ့အခြေခံပန်းချီသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပန်းချီသင်တန်းများနှင့်ပတ်သက်၍ ပန်းချီနည်းပြဆရာဇော်မင်းအောင်နှင့် သင်တန်းစီမံခန့်ခွဲသူ ပန်းချီဆရာဦးမျိုးနိုင်ကရှင်းလင်းပြောကြားသည်။ ယင်းနောက် ပန်းချီသင်တန်းအတွက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါပန်းချီသင်တန်းကို ပန်းချီမြင့်သိန်း(မန္တလေး)၊ ပန်းချီဇော်မင်းအောင်(SMG)၊ ပန်းချီမျိုးနိုင် (သုံးခွ)တို့က ကလေးပန်းချီ၊ အငယ်တန်းပန်းချီ၊ရေဆေးပန်းချီစသည့် ပညာရပ်များကို သင်ကြားပေးမည်ဖြစ်ပြီး နွေရာသီအခြေခံပန်းချီသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၇၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာယနေ့မှစ၍ နှစ်လကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်