လှည်းကူးမြို့နယ်၌ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

လှည်းကူး မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်စွဲမှုဌာနစုခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် လှည်းကူးမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ လှည်းကူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လာမည့်ဘဏ္ဍာရေးနှစ်အတွက် သင်တန်းလျာထားချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသား (၃) ဦးအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ မတ်လ (၁၀) ရက်နေ့အထိ တစ်လကြာဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းနည်းပြများမှ လျှပ်စစ်ပိုင်းဆိုင်ရာ စာတွေ့လက်တွေ့များကို သင်ကြားလေ့ကျင့်ခဲ့ကြပြီး သင်တန်းသို့ လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ သင်တန်းသားများတက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)