ကျောက်ဆည်မြို့နယ်၌ ခရိုင်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) ကျင်းပ

ကျောက်ဆည် မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ခရိုင်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှု ဆပ်ကောင်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က ကော်မတီ၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန်များ အောင်မြင်ရေး၊ နွေရာသီကာလအတွင်း တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မီးလောင်မှု လျှော့ချရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ရာသီဥတုပြောင်းလဲမှု လျော့ချရေး လုပ်ငန်းစဉ်များ အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ရေး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ အတွင်းရေးမှူး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးသီဟမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ အပါအဝင် ကဏ္ဍအသီးသီးမှ လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သဘောထားမှတ်ချက် ပြန်ကြားထားမှု အခြေအနေ၊ ခရိုင်အတွင်း ဝန်းကျင်လေထုအရည်အသွေး၊ စက်ရုံအလုပ်ရုံများမှ ထွက်ရှိသည့် မီးခိုးငွေ့နှင့် ရေအရင်းမြစ်များ၏ ရေထုအရည်အသွေး တိုင်းတာစစ်ဆေးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော် (ပြန်/ဆက်)