သန်လျင်မြို့ ခေမာရာမသီလရှင်စာသင်တိုက် ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း

သန်လျင် မတ် ၁၀

သန်လျင်ခရိုင်၊ သန်လျင်မြို့ အောင်ချမ်းသာ (၁) ရပ်ကွက်ရှိ ခေမာရာမသီလရှင်စာသင်တိုက်မှ အိန္ဒိယနိုင်ငံနယူးဒေလီမြို့ Subharti University မှ Ph.D ဘွဲ့ရဆရာလေးတစ်ပါးနှင့် အစိုးရသာသနာ့ဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရရှိခဲ့ကြသော ဆရာလေး (၇) ပါးတို့အား ဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့နံနက်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘွဲ့တံဆိပ်တော်ရ ဆရာလေးများအား ရာဇာဝင်း၊ ဒေဝါဝင်းခင်း၍ မြို့နယ်အတွင်းသို့လှည့်လည်ပူဇော်ကြသည်။ ထို့နောက် ဂုဏ်ပြုပူဇော်ပွဲကို ကျောင်းတိုက်ခန်းမ၌ကျင်းပရာ အစီအစဉ်အရ အခမ်းအနားဘုရားကန်တော့၍ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး ဒေါက်တာစန္ဒိမာဘိဝံသထံမှဧည့်ပရိတ်သတ်များက ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်ကြီးများဘွဲ့တံဆိပ်တော်ရရှိခဲ့ကြသည့် ဆရာလေးများအား ခေမာရာမသီလရှင်စာသင်တိုက် ပဓာန နာယကဆရာကြီး ဒေါက်တာဒေါ်စန္ဒာ၊ သန်လျင်တပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် လှူဒါန်းမှုအစုစုအတွက် အလှူရှင်များက နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ရေစက်ချတရားနာယူခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်/ပြန်ဆက်)