သန်လျင် မတ် ၁၀
ကျောင်းသားကျောင်းသူများ ဗလငါးတန်ပြည့်စုံစေရန်၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ သန်လျင်ခရိုင် သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာရှိ မူလွန်ဗိုလ်ချုပ်(၁)လက်စွမ်းပြကျောင်း၌ ယနေ့နံနက်(၉)နာရီက အခြေခံသိုင်းကစားနည်း သင်တန်းဖွင့်ပွဲကျင်းပခဲ့သည်။
အခမ်းအနားသို့ သန်လျင်မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်မော်နှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီအောင်နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များ၊ နည်းပြနှင့်မိဘအုပ်ထိန်းသူများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နီအောင်နှင့် ကျောင်းအကျိုးဆောင်ဦးမြဝင်းတို့က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှနည်းပြနှင့်ဒိုင်ဖြစ်သူ ဦးမြင့်အောင်က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသား သင်တန်းသူများက သရုပ်ပြလေ့ကျင့်မှုပြသကြပြီး မြို့နယ်ပညာရေးမှူးဒေါ်ညွန့်ညွန့်မော်က ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။ အဆိုပါမြန်မာ့သိုင်းသင်တန်းကို တစ်လကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ(ခရိုင်/ပြန်ဆက်)