ဗန်းမော်မြို့နယ် စင့်ကင်ကျေးရွာလူထုအင်အားဖြင့် ပေ(၁၇ဝဝ)ရှိ တာပိန်မြစ်ကူးတံတားကို သစ်ဝါးအသုံးပြု၍ နေ့ချင်းပြီး စုပေါင်းဆောင်ရွက်

ဗန်းမော်     ဒီဇင်ဘာ    ၈

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင့်ကင်ကျေးရွာ ပြည်သူလူထု၏ စုပေါင်းအင်အားဖြင့် တာပိန်မြစ်ကူးတံတားကို အရှည်ပေ(၁၇ဝဝ)ကို ဒီဇင်ဘာ ၅ ရက်နေ့က နေ့ချင်းပြီး စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

"ဒီတံတားကို မဆောက်လို့လည်း မဖြစ်ဘူးဗျ၊ နှစ်စဉ်နှစ်တိုင်း ဒီလိုရာသီရောက်လာရင် တာပိန်မြစ်ရေက စက်လှေတွေ သွားလို့မရတော့ဘူး၊ သွားလိုမရတဲ့အချိန်မှာ အများအားဖြင့် တောင်သူဒေသဆိုတော့ ကုန်စည်စီးဆင်းမှုတွေပေါ့။ တောင်သူသီးနှံတွေ ဗန်းမော်မြို့ကို ပို့တဲ့အခါမှာ အခက်အခဲတွေရှိတယ်၊ စက်လှေက သွားလိုမရတော့ ဒီတံတားပေါ်ကနေ ဆိုင်ကယ်နဲ့ သယ်တာလို့၊ သုံးဘီးဆိုင်ကယ်နဲ့သယ်တာလို့ လုပ်ကြပါတယ်၊ ဒီတံတားမရှိဘူး ဆိုင်ရင် ကျွန်တော်တို့ တောင်သူတွေရဲ့ ကုန်စည်စီးဆင်းမှု နှေးကွေးတလို၊ နောက်တစ်ခုက ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း စက်လှေနဲ့သွားလို့လည်း အဆင်မပြေဘူး၊ ဒီတံတားကို ဆောက်လိုက်တော့ ကျွန်တော်တို့ စင့်ကင်ကျေးရွာ တစ်ရွာတည်းမကဘူး တာပိန်မြစ်တစ်ဖက် ကမ်းမှာရှိတဲ့ ကျေးရွာပေါင်း(၂ဝ)ကျော်က ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အစစအရာရာ အထောက်အကူပြုပါတယ်" ဟု စင့်ကင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက ပြောသည်။

အဆိုပါ တာပိန်မြစ်ကူးတံတားကို တည်ဆောက်ခြင်းကြောင့် ဗန်းမော်မြို့မှ စင့်ကင်ကျေးရွာသို့ ဆက်သွယ်သွားလာနိုင်သည့် မြစ်ကူး တံတားဖြစ်ပြီး စင့်ကင်ကျေးရွာ အနီးတစ်ဝိုက်ရှိ ငှက်ပျောတော၊ သဖန်းပင်၊ တိန်းသော်၊ ဟဲလုံ၊မန်နောင်၊ ကျွဲချိုကမ္ဘားနီ၊ ချောင်းဝ၊ ခုံဆင့်နှင့် နှင်းအီ စသည့် ကျေးရွာတို့မှ ဒေသခံပြည်သူတို့အား ဗန်းမော်မြို့သို့ လွယ်ကူစွာ သွားလာရာနိုင်ပြီဖြစ်သည်။ ယင်းတံတားနှင့်ပတ်သက်၍ ဒုတိယအကြိမ်အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်လည်း ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်က ချဉ်းကပ်လမ်းအပါအဝင် ပေ(၂၀၀၀)ခန့်ရှိ ကွန်ကရစ်တံတားဆောက်လုပ်ပေးရန် မေးမြန်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)