၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း ‌YBS ယာဉ်အစီးရေများ တိုးမြှင့်ပြေးဆွဲပေးသွားမည်

တာမွေ မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ‌YBS ခရီးသည်တင်ယာဉ်လိုင်းများမှ ယာဉ်များအား ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း ယာဉ်အစီးရေများ တိုးမြှင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

“၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားများ ဖြေဆိုဖို့ နီးကပ်တဲ့အချိန်မှာသော်လည်းကောင်း၊ စာမေးပွဲဖြေဆိုနေစဉ်သော်လည်းကောင်း သွားလာမှုအဆင်ပြေစေရေးအတွက် ကျွန်တော်တို့ ‌YBS ခရီးသည်တင်ယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲရေး ဆောင်ရွက်ပါဆိုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို အကြောင်းကြားချက်အပေါ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီး ကျွန်တော်တို့ YRTC ကို ထပ်ဆင့်ညွှန်ကြားလာခြင်းဖြစ်ပါတယ်။ ဒီတက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၅-ခုနှစ် မတ်လ (၁၇) ရက်မှ (၂၂) ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီမှ (၁၂) နာရီအထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး အဆိုပါ စာမေးပွဲဖြေဆိုမယ့်အချိန်မတိုင်ခင်မှာ ကျွန်တော်တို့ YBS ယာဉ်လိုင်းများမှ ယာဉ်များကို အစီးရေ ခပ်စိပ်စိပ်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့ YBS ယာဉ်လိုင်းကုမ္ပဏီများနဲ့ တွေ့ဆုံသည့် အစည်း အဝေးမှာလည်း ထပ်ဆင့်မှာကြားထားပြီးဖြစ်ပါတယ်။ ပြီးတော့ CNG ကိုလည်း တန်းစီတဲ့အချိန်တွေမကြာအောင် ကျွန်တော်တို့အနေနဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ညှိနှိုင်းထားတာရှိပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေတဲ့ ကာလအတွင်းမှာ YBSယာဉ်များ ခပ်စိပ်စိပ်နှင့် အစီးရေများများ ပြေးဆွဲပေးဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လမ်းကြောင်းပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေဖို့အတွက်ရယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုမဖြစ်စေဖို့အတွက်ရယ်၊ ယာဉ်အန္တရာယ်မဖြစ်ဖို့အတွက် ကျွန်တော်တို့ YRTC ကနေပြီးတော့ ရန်ကုန်တိုင်းမှာ လမ်းကြောင်း (၁၀) ကြောင်းနှင့် စစ်ဆေးရေး အဖွဲ့တွေရှိပါတယ်။ အဲဒီအဖွဲ့တွေကတော့ ယာဉ်ထိန်းနှင့်ပူးပေါင်းအဖွဲ့ (၃) ဖွဲ့ရယ်၊ YRTC မှ ယာဉ်အစီးရေ (၁၃) စီးရယ်နှင့် လမ်းကြောင်းပေါ်မှာ စစ်ဆေးတာရှိပါတယ်။ အဲဒီကာလမှာ သွားလာမှုအခက်အခဲရှိရင်လည်း အဲဒီစစ်ဆေးရေးအဖွဲ့တွေကို အကူအညီတောင်းနိုင်သလို မှတ်တိုင် (၁၀) မှတ်တိုင်မှာရှိတဲ့ YRTC စစ်ဆေးရေးဝန်ထမ်းတွေကိုလည်း အရေးပေါ်လိုအပ်တဲ့ အကူအညီတွေတောင်းနိုင်ပါတယ်။ ဒါ့အပြင် YRTC မှမီနီဘတ်စ်ယာဉ် (၁၀) စီးကိုလည်း အရန်သင့်ထားပေးထားမှာဖြစ်ပါတယ်။ အကယ်၍ယာဉ်များသွားလာဖို့ ခက်ခဲတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်း ကျွန်တော်တို့မှတ်တိုင်မှာရှိတဲ့ YRTC စစ်ဆေးရေး ဝန်ထမ်းတွေကို အကူအညီတောင်းပြီး တက္ကစီယာဉ်များ ငှားပေးဖို့အတွက် ပြောကြားနိုင်ပါတယ် ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများသို့ သွားလာမှုအဆင်ပြေစေရေးအတွက် YBS ခရီးသည်တင်ယာဉ်လိုင်းများ စနစ်တကျပြေးဆွဲ‌စေရေး၊ ယာဉ်ကြောပိတ်ဆို့ကြပ်တည်းမှုမရှိစေရေးအတွက် YRTC စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးဌာနမှ စစ်ဆေးရေးအဖွဲ့ (၁၀) ဖွဲ့နှင့် မှတ်တိုင် (၁၀) ခုတို့တွင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် စစ်ဆေးရေးဝန်ထမ်း (၂) ဦးစီ ပါဝင်သည့် ခရိုင် (၃) ခရိုင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့်လည်း စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါစစ်ဆေးရေးအဖွဲ့များ တာဝန်ချထားသည့် နေရာများနှင့် လမ်းကြောင်းအတွင်း နီးစပ်ရာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ သွားလာမှုအဆင်ပြေလွယ်ကူစေရေးနှင့် ယာဉ်များ စည်းကမ်းတကျ မောင်းနှင်သွားလာစေရေးအတွက် လိုအပ်သည်များ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မတိုင်မီ နီးကပ်သည့်ကာလနှင့် စာမေးပွဲဖြေဆိုသည့်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာစာစစ်ဌာနကျောင်းများသို့ သွားလာမှုအဆင်ပြေစေရေးအတွက် YBS ယာဉ်လိုင်းများမှ နေ့စဉ်ထွက်ရှိသော ယာဉ်အစီးရေများအား တိုးမြှင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)