ငါန်းဇွန်မြို့နယ်၌ အသက်(၂)လမှ (၅၉)လ အရွယ်ကလေးများအားလုံး ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) အရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းပြုလုပ်

ငါန်းဇွန် မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ယနေ့ နံနက် (၈:၃၀) နာရီအချိန်က စတင်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများမှ မြို့သာကျေးရွာ၊ ခြင်္သေ့လက်ကျေးရွာ၊ သံဘိုကျေးရွာ၊ ကုလကျေးရွာ၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးတို့တွင် အသက်(၂)လ မှ (၅၉)လ အရွယ် ကလေးများ အားလုံးကို ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် အသက်(၂)လမှ (၅၉)လအရွယ် ကလေးများအားလုံးကို မတ်လ (၅)ရက်နေ့မှ စတင်၍ ပိုလီယိုကာကွယ်ဆေး(အစက်ချဆေး)ကို မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ မြို့သာကျေးရွာ၊ ခြင်္သေ့လက်ကျေးရွာ၊ သံဘိုကျေးရွာနှင့် ကုလကျေးရွာတို့တွင် တိုက်ကျွေးခဲ့ကြောင်း သိရသည်။ ယနေ့တွင် နံနက် (၈:၃၀) နာရီမှ နေ့လယ် (၁၂) နာရီအချိန်ထိ ပိုလီယိုရောဂါကာကွယ် ဆေး (အစက်ချဆေး)များကို အဆိုပါကလေးငယ်များအား တိုက်ကျွေးခဲ့ရာ ကလေးငယ်စုစုပေါင်း (၁၁၆၅၅)ဦး လာရောက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး)များကို ကျန်းမာရေးဝန်ကြီးဌာန၏ အထူးစီမံချက်ဖြင့် မတ်လနှင့် ဧပြီလတို့တွင် (၂)လ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပိုလီယို (အရှိုင်းပိုး) ကင်းစင်ပပျောက်ခြင်းအား ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရေးအတွက် ရွှေ့ပြောင်းလူဦးရေများပြားသည့် တိုင်းဒေသကြီး(၄)ခုတွင် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကာကွယ်ဆေးတိုက်ကျွေးမည့် နေရာ၊ နေ့ရက်နှင့် အချိန်ကို နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် မေးမြန်းစုံစမ်းနိုင်ကြောင်းကို ဝန်ကြီးဌာနမှ ထုတ်ဝေသော ဗွီနှိုင်းများ၊ လက်ကမ်းစာစောင်များဖြင့် အသိပေးကြော်ငြာထားကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)