မိတ္ထီလာ မတ် ၁၀
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိတ္ထီလာမြို့နယ်အတွင်းရှိ မြင်းကန်ကျေးရွာအုပ်စု၊ အိုင့်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်း၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာများ၊ ကျေးရွာကော်မတီဝင်များနှင့်အတူ အိုင့်ကျေးရွာ၌ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
အိုင့်ကျေးရွာ၌ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး 2 Hp DC Surface Pump၊ 550 Watt ဆိုလာ၆ ချပ်၊ 3.3 KW Solar with Mobile Trailer တပ်ဆင်ခြင်းလုပ်ငန်းများကို နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ် ၉ ဒသမ ၃၂၇ သန်းဖြင့် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇန်နဝါရီလ တတိယအပတ်မှ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ တောင်သူ ၅ ဦး၊ ဆီထွက်သီးနှံ စိုက်ဧက (၂၀)ကို အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)