ချမ်းအေးသာစံ မတ် ၁၀
မန္တလေးမြို့ ချမ်းအေးသာံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇×၂၈ လမ်းကြား၊ ၈၈×၈၉ လမ်းကြား၊ မဟာလောကရံသီအိမ်တော်ရာစေတီတော် ပရဝုဏ်အတွင်းရှိ ရတနာဃရ (၁၄)ခန်း ဓမ္မဗိမာန်တော်တွင် ဓမ္မာစရိယ၊ နိကာယ်နှင့် ပထမပြန်စာမေးပွဲ ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့က ညနေက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မိုးကောင်းတိုက်၊ သုံးထပ်စာချကျောင်းဆရာတော် ဘဒ္ဒန္တဝိဓူရ အမှူးပြုသော ဆရာတော် ၁၉ ပါး၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မြို့နယ်ဥပတ္တထမ္ဘကအဖွဲ့ နာယကများ၊ ဥက္ကဋ္ဌ ဦးကျော်ဝင်း(မန်းမြေရာဇာကုမ္ပဏီ)နှင့် အဖွဲ့ဝင်များ၊ မဟာလောကရံသီအိမ်တော်ရာ စေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် မြို့နယ်အတွင်းရှိ ဘုရားစေတီများမှ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားကို တက်ရောက်လာကြသူများမှ နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း၊ ထို့နောက် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ဩဝါဒကထာနှင့် ရေစက်ချတရားနာယူကြည်ညို၍ ဓမ္မာစရိယ စာမေးပွဲအောင် ၅ ပါး၊ နိကာယ်အောင် ၄ ပါး၊ ပထမကြီးအောင် ၁၃ ပါး၊ ပထမလတ်အောင် ၁၈ ပါး၊ ပထမငယ်အောင် ၄၇ ပါး၊ အခြေပြုမူလတန်းအောင် ၂၂၈ ပါး၊ စုစုပေါင်း စာအောင်သံဃာတော် ၃၁၅ ပါးတို့အား စာအောင်လက်မှတ်ဆက်ကပ်ခြင်းနှင့် လှူဖွယ် ဝတ္ထုများ စုပေါင်း လောင်းလှူခြင်းများ ဆောင်ရွက်ကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့သည်။
၎င်းနောက် ယဉ်ကျေးမှုစာမေးပွဲအောင်မြင်သူ ကျောင်းသား/သူများအား စာအောင်ဆုနှင့်အောင်လက်မှတ်ချီးမြှင့်ခြင်း အခမ်းအနား ဆက်လက်ပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ယဉ်ကျေးမှုစာမေးပွဲ သုံးဘာသာအောင် ၁၂ ဦး၊ နှစ် ဘာသာအောင် ၁၆ ဦး၊ တစ်ဘာသာအောင် ၂၂၀ ဦး၊ စုစုပေါင်း ၂၄၈ ဦးတို့အား အောင်လက်မှတ်နှင့် စာအောင်ဆုများ စုပေါင်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)