တာချီလိတ်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေဆန်းစစ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ဒေသ/ပြည်သူအခြေပြု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တာချီလိတ် မတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေဆန်းစစ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ဒေသ/ပြည်သူအခြေပြု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဝမ်ကောင်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က တာချီလိတ်မြို့နယ် ပြန်ထူထောင်ရေးလုပ်ငန်းများနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေဆန်းစစ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ဒေသ/ပြည်သူအခြေပြုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တာချီလိတ်မြို့နယ်အတွင်း ရေဘေးအန္တရာယ်ဖြစ်ပွားမှုမှတ်တမ်း ဗီဒီယိုကိုပြသပြီး  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့် ခရိုင်/မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တက်ရောက်လာသူများက အုပ်စုဖွဲ့ဆွေးနွေးကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် လိုအပ်လျက်ရှိသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်ရေးဆွဲခြင်း၊ ဘေးအန္တရာယ်ဆန်းစစ်ချက်အနက် ပျက်စီးဆုံးရှုံးမှုအတွက် ထိတွေ့နိုင်ခြေဆန်းစစ်ချက်များ ဖော်ထုတ်ခြင်းအပြင် မြို့နယ်အရေးပေါ်တုံ့ပြန်ရေး  (TERP- Township Emergency Response Plan) လုပ်ငန်းစဉ်များကို မတ် ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)