မိုင်းကိုင်မြို့နယ်၊ ရွှေမြင်ထင်မွေတော်စေတီတော်၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းကိုင် မတ် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ရွှေမြင်ထင်မွေတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မနက် ၈ နာရီက ရွှေမြင်ထင်မွေတော်စေတီတော်အနောက်မုဒ်၌ ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်များ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဆရာတော်သံဃာတော်များက ဘဝတုသဗ္ဗမင်္ဂလာ (၃)ဂါထာ၊  ဇယန္တောအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ပြီးနောက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တရေဝတ၊ ဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တဝိဇေယျ၊ မွေတော်တောင်ကျောင်းဆရာတော် ဘဒ္ဒန္တဆန္ဒာဓိကတို့က ရွှေမြင်ထင်မွေတော်စေတီတော်မြတ်ကြီး၏ ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို တပေါင်းလပြည့်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ရှေးဟောင်းရှမ်းစာဗုဒ္ဓပုရပိုက်ကြမ်းများ ရွတ်ဖတ်ပူဇော်ခြင်းများဖြင့် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချော(မိုင်းကိုင်)