ညောင်ဦးမြို့တွင် မိုဘိုင်းလ်အသိပညာပေးဆွေးနွေးပွဲ (Mobile Seminar) ကျင်းပ၊ စိတ်ပါဝင်စားသူ ၃၀၀ ကျော်တက်ရောက်

ညောင်ဦး ဇန်နဝါရီ ၁၀

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ မိုဘိုင်းလ်အသိပညာပေး ဆွေးနွေးပွဲကို မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

ပထမဦးစွာအခမ်းအနားတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တိုင်းဒေသကြီးမန်နေဂျာ ဆရာဦးဌေးလှက Mobile Seminar ကို အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသော မိုဘိုင်းလ် ဆက်သွယ်ရေး ကဏ္ဍနှင့် ပတ်သက်၍ အသိပညာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်၊ မိုဘိုင်းလ်ဆိုင်ရာဗဟုသုတများ တိုးပွားစေရန်၊ မိုဘိုင်းလ်ဖုန်းကို အကျိုးရှိစွာနှင့် ဘေးကင်းလုံခြုံစွာ အသုံးပြုပုံများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ခံဒေါ်သူသူဝင်းက မိုဘိုင်းလ်ဖုန်း အသုံးပြုသူနှင့် သက်ဆိုင်သည့်အကြောင်းအရာများ၊ ဆိုက်ဘာပြစ်မှု၊ လူမှုကွန်ရက်အသုံးပြုပုံ၊ လုံခြုံရေးနှင့် နည်းဥပဒေများ၊ ကျန်းမာရေးဆိုင်ရာအသိပညာများ၊ အင်တာနက်အသုံးစရိတ် လျှော့ချနိုင်သည့် နည်းလမ်းများနှင့် သုံးစွဲသူများအတွက် MPT မှပေးလျက်ရှိသော ဝန်ဆောင်မှု များအား ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားကာ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးသိန်းပိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အသိပညာပေးဆွေးနွေးပွဲသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တိုင်းဒေသကြီးမန်နေဂျာ ဆရာဦးဌေးလှ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ဦးခရိုင်မှူး ဦးကျော်မင်းဦး နှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အတွင်းရှိ MPT အရောင်းကိုယ်စားလှယ်များနှင့် ကျေးရွာအသီးသီးမှ MPT Mobile Seminar အား စိတ်ပါဝင်စားသူများ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)