မိုးနဲ မတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ မီးဘေးအန္တရာယ်ကျရောက်မှုနှင့် မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုသက်၊ တွဲဖက်မြို့နယ်ပညာရေးမှူး ဒေါ်နန်းယဉ်ယဉ်အေး၊ မြို့နယ်လျှပ်စစ်မှူး ဦးသိန်းသန်းစိုးတို့က စာမေးပွဲအခန်းပြင်ဆင်ထားရှိမှုအခြေအနေများ၊ ရေရရှိမှုအခြေအနေ၊ မီးသတ်ဆေးဘူးထားရှိမှုအခြေအနေ၊ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အကြံပြုပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် ကျိုင်းတောင်း(တုန်ဟုန်း) အခြေခံပညာအထက်တန်းကျောင်းတို့တွင် စာစစ်ဌာနတစ်ခုစီဖွင့်လှစ်ထားရှိပြီး စာစစ်ဌာနနှစ်ခုတွင် ကျောင်းသား၊ ကျောင်းသူ ၁၃၈ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)