မောက်မယ် မတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝသော နိုင်ငံ့ဂုဏ်ဆောင်မည့်မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံ အားကစားသင်တန်းကို မြို့နယ်နမ့်ယွမ်းဂေါက်ကွင်းနှင့် မြို့နယ်နမ့်ယွမ်းခန်းမ၌ ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားသင်တန်းတွင် မတ်လ (၅) ရက်နေ့မှ စတင်ကာ ဧပြီလ (၄) ရက်နေ့အထိ ဖွင့်လှစ်လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး အခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်းနှင့် အေရိုးဗစ်သင်တန်းများကို မြို့နယ်နမ့်ယွမ်းဂေါက်ကွင်း၊ နမ့်ယွမ်းခန်းမနှင့် မြို့နယ်အား/ကာရုံးများတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ နွေရာသီကျောင်း ပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေး စိတ်ပါဝင်စားစွာဖြင့် သင်တန်းသို့လာ ရောက်တက်ရောက်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစိုင်းအောင်ကျော်ကျော်ထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)