ပင်းတယမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

ပင်းတယ မတ် ၁၀

ရှမ်းပြည်နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းအား ပင်းတယမြို့ အားကစားခန်းမ၌ အားကစားနည်း(၁၀)မျိုးတို့ကို  အခမဲ့ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား အခြေခံအားကစားသင်တန်းများအဖြစ် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ကြက်တောင်၊ ပြေးခုန်ပစ်၊ ရိုးရာခြင်း၊ မြှားပစ်နှင့် Table tennis သင်တန်းများကို ပင်းတယမြို့နယ် အားကစားခန်းမ၌ မနက်ပိုင်းတွင် နံနက် ၇ နာရီမှ ၉ နာရီထိ တစ်ကြိမ်၊ ညနေပိုင်းတွင် ၃ နာရီမှ ၅နာရီခွဲထိတစ်ကြိမ် လေ့ကျင့်သင်ကြားလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ နွေရာသီတွင် လူငယ်များအတွက် အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် အနာဂတ်လူငယ်များ အားကစားပြုလုပ်ခြင်း အကျိုးကျေးဇူးသိရှိလာစေရန်၊ လူငယ်အချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးလာစေရန်၊ မြို့နယ်အားကစားပြိုင်ပွဲများမှတစ်ဆင့် ထူးချွန်ထက်မြက်သော နိုင်ငံဂုဏ်ဆောင်အားကစားသမားပေါ်ထွန်းလာစေရန်၊ လူငယ်လူရွယ်များကြား မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးလာစေရန်၊ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန် စသည်တို့အား ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် အဆိုပါ နွေရာသီအားကစားအခြေခံသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်စုစုပေါင်း လူဦးရေ(၃၀၀)ကျော်ခန့်ရှိကြောင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်ထံမှ သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)