နေပြည်တော်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ငါးမွေးကန်များအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ဖြည့်ဆည်းပေးအပ်

နေပြည်တော် မတ် ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ နေပြည်တော်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ငါးမွေးကန်များအတွက် ငါးမွေး တောင်သူများအား ငါးသားပေါက်များ ဖြည့်ဆည်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းငါးလုပ်ငန်းစခန်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ငါးလုပ်ငန်းဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ​​ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ငါးမွေးတောင်သူတက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်း သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံမှုများကြောင့် ငါးမွေးမြူထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ငါးကဏ္ဍဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၊ ငါးကန်များ ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့်လည်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ငါးမွေးတောင်သူများ၊ လုပ်ငန်းရှင်များကို ပြန်လည်ဖြည်းဆည်းပေးနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ ဆောင်ရွက်ခဲ့ ကြောင်း၊ ငါးမွေးတောင်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးခဲ့ရသော်လည်း ယခုလို ထောက်ပံ့ပေးအပ်သည့် ငါးသားပေါက်များကို အောင်မြင်ဖြစ်ထွန်းအောင် ဂရုစိုက်မွေးမြူကြရန်လိုအပ်ကြောင်း၊ လိုအပ်သည်နည်းပညာများကို ငါးလုပ်ငန်းဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ပေးပြီး မိမိတို၏ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းမှတဆင့် စီးပွားဖြစ် မွေးမြူနိုင်သည်အထိ ကြိုးစားလုပ်ကိုင်ကြစေလိုကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတ ထိန်းသိမ်းရေး၊ ငါးမျိုး ပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်စေရေးနှင့် ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံစေရေးတို့အတွက် ငါးသားပေါက်များကို မျိုးစိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဆည်၊ ချောင်း၊ သဘာဝရေပြင်များမှာ ရေဆင်းငါးလုပ်ငန်းစခန်းမှ ထုတ်လုပ်သည့် ငါးသားပေါက်များကို နှစ်စဉ်ငါးမျိုးစိုက်ထည့်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် ငါးသားပေါက်ကောင်ရေ (၂၂) သိန်း မျိုးစိုက်ထည့်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ငါးသားပေါက်ကောင်ရေ (၆) ဒသမ (၁၆) သိန်း မျိုးစိုက်ဆောင်ရွက်နိုင်ခဲ့ကာ ဆက်လက်၍ မျိုးစိုက်ထည့်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ယခုလို ငါးမွေးတောင်သူများကို ငါးသားပေါက် ဖြည့်ဆည်းပေးအပ်ခြင်းဖြင့် တောင်သူများအနေဖြင့် ငါးမွေးမြူခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်မွေးမြူနိုင်ပြီး ဒေသတွင်း ငါးစားသုံးမှု၊ ငါးထုတ်လုပ်မှုများနဲ့ ငါးဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းသွားနိုင်မှာ ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ငါးမွေးကန်များအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များကို ပေးအပ်ရာ ငါးမွေးတောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှာ ငါးမွေးမြူသူ (၈၁) ဦး၊ ငါးမွေးကန်ဧက (၄၃၉) ဒသမ (၈၁) ဧကရှိပြီး သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့်ပုဂ္ဂလိက ငါးမွေးမြူသူ (၆၂) ဦး၊ ငါးမွေးကန်ဧက (၁၅၆) ဒသမ (၂၉) အတွက် တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ (၂၀၀၀) နှုန်းဖြင့် ငါးသားပေါက်ကောင်ရေ  (၃) ဒသမ (၁၅) သိန်းအား ဒေသနှင့် ကိုက်ညီသည့် ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း နှင့် ထိုင်းငါးခုံးမတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)