မိုင်းယု မတ် ၁၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် သင်္ကြန်ကာလ ရေကစားအပန်းဖြေလည်ပတ်နိုင်ရန်အတွက် မြို့မရပ်ကွက်၊ ဒေါင်နေကျေးရွာအနီးရှိ နမ့်လွေချောင်းသောင်ပြင်တွင် အပန်းဖြေနေရာ ယာယီတဲနှင့် ဈေးဆိုင်များ ယခုမတ်လ၏ ဒုတိယပတ်မှစတင်၍ ဆောက်လုပ်ပြင်ဆင်နေကြပြီဖြစ်သည်။
မိုင်းယုမြို့တွင် ၂၀၂၅ခုနှစ်၊ သင်္ကြန်ကာလ ဧပြီလ ၁၃ ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့ထိ အပန်ဖြေရေကစား၍ ပျော်ရွှင်စွာလည်ပတ်နိုင်ရန်အတွက် ဒေသခံဈေးသည်များမှ အပန်းဖြေနေရာယာယီတဲများ၊ ဈေးဆိုင်များစတင်ဆောက်လုပ်၍ ဈေးဖွင့်လှစ်ရောင်းချနိုင်ရန် ပြင်ဆင်နေလျက်ရှိကြပြီး လတ်တလောတွင် အများပြည်သူအလုပ်နားရက်တို့တွင် ပြည်သူများ လာရောက်လည်ပတ်နေလျက်ရှိကြသည်။
မိုင်းယုမြို့သည် နမ့်လွေချောင်း၏ ကမ်းစပ်တွင်တည်ရှိပြီ နယ်စပ်ကုန်သွယ်ရေးအတွက် အသုံးပြုသည့် မိုင်းယု-ကျိန်းယဲန်းတံတားကြီးအား မြို့အဝင်တွင်တည်ဆောက်ထားခြင်း၊ စီးပွားဖြစ် စိုက်ပျိုးသီးနှံများထွက်ရှိရာဒေသဖြစ်ခြင်း၊ ဗမာ၊ ရှမ်း၊ အာခါနှင့် လားဟူးတို့ အများစုနေထိုင်ကြပြီး အခြားတိုင်းရင်းသားများမှာ အနည်းငယ်စီဖြင့် အေးအတူပူအမျှနေထိုင်ကြကာ အေးချမ်းသာယာလျက်ရှိသည့် နယ်စပ်ဒေသမြို့ငယ်လေး တစ်မြို့ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်