ဆရာအတတ်ပညာဦးစီးဌာန၊ ကာယပညာနှင့် အားကစားနည်းပြ(မွမ်းမံ)သင်တန်း(၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ

လယ်ဝေး ‌မတ် ၁၀

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကာယပညာနှင့်အားကစားနည်းပြ (မွမ်းမံ)သင်တန်း၊ အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်းအမှတ်(၂)တွင် ကျင်းပသည်။

ရှေးဦးစွာ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သစ်သစ်စိုးက အမှာစကားပြောကြားရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေးစွမ်းရည်များနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ပညာရေးကောလိပ်များတွင် အရည်အသွေးမြင့်မားသည့် အားကစားစည်းကမ်းဥပဒေများကို ကောင်းစွာနားလည်တတ်ကျွမ်းသည့် ကာယပညာဆရာ၊ ဆရာမများ အရေအတွက်များပြားလာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သို့မှသာ ကျောင်းသား၊ ကျောင်းသူများကို အခြေခံကိုယ်လက်လှုပ်ရှားမှုနှင့် အားကစားစည်းမျဉ်း၊ စည်းကမ်းများကို ကောင်းမွန်စွာ သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုလိုသင်တန်းများ စဥ်ဆက်မပြတ်ဖွင့်လှစ်ခြင်း၊ ဆွေးနွေးပွဲများပြုလုပ်ခြင်းနှင့် ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းမှ အခြေခံနည်းပြ၊ ဒိုင်သင်တန်းနှင့် မွမ်းမံသင်တန်းဆင်း ကာယပညာဆရာ၊ ဆရာမများ၏ ကွန်ရက်အစည်းအဝေးများကျင်းပပြီး အားကစားကဏ္ဍတိုးတက်ရေး ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်စေလိုပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်များတွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆရာ၊ ဆရာမများကို ပြုစုပျိုးထောင်ပေးလျက်ရှိပြီး အားကစားထူးချွန်သည့် နိုင်ငံ့သားကောင်းမျိုးဆက်သစ်များ ပေါ်ထွန်းလာပြီး ကိုယ်ကာယကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုများနှင့် ပြည့်စုံသည့် လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်ကြားပေးလိုက်သည့် အားကစားနည်းများအပြင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲအမှတ်(၁၊ ၂၊ ၃၊ ၄)နှင့် Fitness Dance များကို မိမိဒေသပညာရေးကောလိပ်များသို့ ရောက်ရှိသည့်အခါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ဆရာအတတ်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သစ်သစ်စိုးနှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက် သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး အားကစားနည်းအလိုက် ကြိုးစားဆောင်ရွက်မှုနှင့် အတိုးတက်ဆုံးဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် Royal D အချိုရည်မိသားစုနှင့် Foodcrop Co.ltd မုန့်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများက အတွဲ ၃၊ အတွဲ ၄ နှင့် Fitness Dance တို့ဖြင့် သရုပ်ပြတင်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မွမ်းမံသင်တန်းတွင် ပညာရေးဒီဂရီကောလိပ်များမှ နည်းပြဆရာသင်တန်းသား၊ သင်တန်းသူ ၇၅ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ နည်းပြများက ဖေဖော်ဝါရီ ၂၀ ရက်မှ မတ်လ ၉ ရက်နေ့အထိ သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)