တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်တွင် ကိန်းဝပ်စံပါယ်မည့် သီရိလင်္ကာနိုင်ငံမှ စွယ်တော်ပွားအား ပဋ္ဌာန်းဒေသနာဖြင့် ရွှတ်ဖတ်ပူဇော်ပွဲ ကျင်းပ

တာချီလိတ် မတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ရွှေတိဂုံစေတီ‌တော်တွင် ကိန်းဝပ်စံပါယ်တော်မူမည့် သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ စွယ်တော်တိုက်တွင် ရင်ငွေ့လှုံထားသည့် ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ပွားအား ပဋ္ဌာန်းဒေသနာတော်မြတ်ဖြင့် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရွှေတိဂုံစေတီဓမ္မာရုံတော်ကြီးတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကုဝေရ အရှင်သူမြတ်က ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်ပူဇော်ပြီး တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒဓမ္မထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ အလှူရှင်များက ဆရာတော်သံဃာတော်များအား ပစ္စည်းလေးပါးနှင့် နဝကမ္မအလှူတော်ငွေများ ဆပ်ကပ်လှူဒါန်းကြသည်။

ထို့နောက် တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တအဂ္ဂဉာဏက ပဋ္ဌာန်းကျမ်းတော်ကြီးကို ဂါရဝပူဇော်မင်္ဂလာအမှုပြုခြင်းနှင့် နတ်ဗြဟ္မာများအား ပဋ္ဌာန်းနာကြားရန်ပင့်ဖိတ်ပြီး မဟာမြတ်မုနိကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသာလင်္ကာရ အရှင်သူမြတ်က ပဋ္ဌာန်းတိုက်တွန်းနှိုးဆော်ဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ ဆရာတော် သံဃာတော် ၂၁ ပါးက အလှည့်ကျ ပဋ္ဌာန်းဒေသနာတော်မြတ်ကြီးအား ရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါ ပဋ္ဌာန်းပွဲသို့ စစ်ဗျူဟာ(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေတိဂုံဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မြင့်နှင့် မြို့မိမြို့ဖများ၊ ဝတ်ရွတ်အသင်းများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုခဲ့ကြပြီး နေ့/ည အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မတ်လ ၉ ရက်နေ့မှ  ၁၃ ရက်နေ့အထိ ၅ ရက်တိုင် ပူဇော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)