လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား) တွင် အခြေခံကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာ Grammar သင်တန်းများ အခမဲ့ဖွင့်လှစ်

ပျဉ်းမနား မတ် ၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် အကျိုးရှိစေမည့် ကာယ၊ ဉာဏဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာ Grammar သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က အဖွင့်အမှာစကားရာတွင် “လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန် လူငယ်များအတွက် အကျိုးရှိစေမည့် သင်တန်းများ၊ ဟောပြောဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက် ရှိပါကြောင်း၊ ယခုသင်တန်းသည်လည်း နွေရာသီကျောင်းပိတ်ကာလတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား နည်းပညာဖွံ့ဖြိုးတိုးတက်နေတဲ့ခေတ်မှာ ကွန်ပျူတာကို အသုံးပြုတတ်စေရန်၊ အင်္ဂလိပ်စာအခြေခံ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာ Grammar သင်တန်းတို့တွင် သင်ကြားပေးကြမည့် နည်းပြဆရာမများက သင်ကြားပို့ချမည့်ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို မတ်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့ထိလည်းကောင်း၊ အင်္ဂလိပ်စာ Grammar သင်တန်းအား မတ်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိလည်းကောင်း နေ့စဉ် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းနည်းပြအဖြစ် ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)