ကလော မတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာဘုန်းတော်ကြီးကျောင်း၌ ပထမအကြိမ်ထနော့အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ထနော့တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မြန်မာနိုင်ငံတော်အလံကို အလေးပြုခဲ့ကြပြီး ထနော့တိုင်းရင်းသားအဖွဲ့က ထနော့အလံလွင့်တင်၍ အလေးပြုခဲ့ကြသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှ ပထမအကြိမ် ထနော့အမျိုးသားနေ့အတွက်ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ဖတ်ကြားခဲ့ပြီး ထနော့အမျိုးသားနေ့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှချီးမြှင့်သည့် ချီးမြှင့်ငွေအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က ပေးအပ်ခဲ့ရာ ထနော့အမျိုးသားနေ့ပွဲတော်ကျင်းပရေးကော်မတီက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ထနော့စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဗြားကက ထနော့အမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း ယင်းနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ထနော့တိုင်းရင်းသားတို့၏ ရိုးရာအကအလှတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)