ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဗဟန်း မတ် ၉

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ ဌာနမှူးများလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၅)ကို  ယမန်နေ့ ညနေ ၄ နာရီက မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြို့တော်ဝန်က “ပွင့်လင်းရာသီရောက်လာပီဖြစ်သည့်အတွက် မြို့တော်ကြီးအား သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်‌ဆောင်ရွက်ပြီး လမ်းများကောင်းမွန်ရေးနှင့် ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်၊ ကော်မတီရှိ ဌာနများအနေဖြင့် ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝရရှိအောင် ဆောင်ရွက်ရန်နှင့် စီမံကိန်းချထားသည့် လုပ်ငန်းများ လျှင်မြန် ပြီးပြတ်အောင် ဆောင်ရွက်ရန်”တို့ကို မှာကြားသည်။

ဆက်လက်၍ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)