ရန်ကုန် မတ် ၉
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက လှိုင်နယ်မြေ သမိုင်းကောလိပ်ကျောင်းလမ်းဘေးဝဲ/ယာ၊ အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက် မဟာသုခိတာလမ်း၊ အဘယာရာမ ပရိယတ္တိ စာသင်တိုက်နှင့် မရမ်းကုန်းမြို့နယ်(၃)ရပ်ကွက်၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံရှေ့ မင်းဓမ္မလမ်းတို့တွင် စနေနေ့ သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ယနေ့နံနက် ၇ နာရီခွဲက လှိုင်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေအတွင်းရှိ သမိုင်းကောလိပ်အဝင်လမ်းမှ မေခဆောင်အထိ သမိုင်းကောလိပ်ကျောင်းလမ်းဘေးဝဲ/ယာတွင်လည်းကောင်း၊ အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက် မဟာသုခိတာလမ်း၊ အဘယာရာမ ပရိယတ္တိ စာသင်တိုက်ဝင်းအတွင်း/ အပြင်များနှင့် မရမ်းကုန်းမြို့နယ်(၃)ရပ်ကွက်၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံရှေ့ မင်းဓမ္မလမ်းတို့တွင် သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှ ဦးဆောင်၍ ပူးပေါင်းအင်အားများဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ တွယ်ကပ်ပင်များ ရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီးထွက်ရှိလာသည့် အမှိုက်သရိုက်များကို အပြောင်းရှင်းစနစ်ဖြင့် သယ်ယူရှင်းလင်းဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)