ဗဟန်း မတ် ၉
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ကြီးမှူးဖွင့်လှစ်သည့်ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းအမှတ်စဉ်(၂၂)ကို ယနေ့နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာနှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာအဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကနဦးစိစစ်ရေးအဖွဲ့တွဲဖက်အတွင်းရေးမှူး ဒေါ်မြတ်မြတ်အေးက လုပ်ငန်းလိုင်စင်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်နှင့်လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးထွန်းတို့က ငွေကြေးခဝါချမှုနည်းပုံစံ များဖြစ်သည့်အိမ်ခြံ/မြေ/မော်တော်ယာဉ်စသည့် အဖိုးတန်ပစ္စည်းများဝယ်ယူခြင်း၊ ငွေကြေးလဲလှယ်ခြင်းနှင့်ငွေသားပြောင်းလဲခြင်း၊ တရားဝင်နှင့် တရားမဝင်ငွေကြေးများကို ရောနှောပြသခြင်း၊ အမည်ခံ၊ဘဏ္ဍာထိန်း၊ မိသားစုဝင်/ တတိယ အဖွဲ့အစည်းများ အသုံးပြုခြင်း သဏ္ဌာန်ဆောင်ကုမ္ပဏီများကိုအသုံးပြုခြင်း၊ ငွေဆက်သားကို အသုံးပြုခြင်းကုန်သွယ်မှုအသုံးပြုခြင်း၊ လောင်း ကစား(ထီ) အသုံးပြုခြင်း၊ နိုင်ငံခြားစီးပွားရေး လုပ်ငန်းများကိုအသုံးပြုခြင်းများကို သင်တန်းကြားပို့ချပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကကျင်းပသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးသင်တန်းများကို လစဉ်ပုံမှန် ဖွင့်လှစ်ပေးလျက်ရှိရာ ယခုဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား ၆၀ ဦး ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)