ကော့မှူး မတ် ၉
နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော သာသနဓဇဓမ္မာစရိယဘွဲ့ဆွတ်ခူးရရှိတော်မူသော အရှင်သူမြတ်(၂)ပါးတို့အား ဂုဏပူဇာမင်္ဂလာအခမ်း အနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက် တောရကျောင်းတိုက်၌ မိဂဒါဝုန်ဓမ္မရုံတော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူကြသော သံဃာတော်ရှင်သူမြတ်များနှင့် တပည့်ဒါယကာဒါယိကာမတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး မြို့နယ်မြို့မပဝါရဏဂိုဏ်းအုပ်ဖြစ်တော်မူသော ရေတိမ်ကျေးရွာကျောင်းတိုက်ပဓာန နာယကသံဃနာယကဆရာတော် ဘဒ္ဒန္တတေဇဝံသ အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဂုဏဝိသိဋ္ဌပုဇာမင်္ဂလာ အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်း၍ တောရ ကျောင်းတိုက်ဂေါပဂဥက္ကဋ္ဌ ဦးအေးမင်းက ရှင်းလင်းလျှောက်ထားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဘွဲ့တံဆိပ်တော်ခံယူမည့် သံဃာတော်(၂)ပါးတို့အား ဦးအေးသွင်နှင့် ဦးတင်အေးတို့ ရေးသားပူဇော်သော “ဆာယာဝေပညွှန်းသည်ဘုရားရတုပိုက်စုံ ၊ တောရကျောင်း၏ လနှစ်ဆင်းဂုဏ်ရည်တေးထပ်တို့ဖြင့် တေးသံရှင် စိမ့်နေခြည်ကသီးကျူးပူဇော်၍ ဝတ်အသင်းသားများက ဂုဏပူဇာရှစ်လုံးဘွဲ့ကဗျာများ ရွတ်ဆိုပူဇော်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်ဓမ္မောဘာသနှင့် အရှင်ခေမာနန္ဒတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦး မြင့်ဦးနှင့် တာဝန်ရှိသူများက အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော်၊ စာပုလွေနှင့် လှူဖွယ်ဝတ္တုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဝါးဘလောက်သောက်ကျေးရွာမူလရွာလယ်ကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာစက္ကမှ ဩဝါဒကထာချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်သူရ(ပြန်/ဆက်)