ဒဂုံတောင် မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် စာစီစာကုံးစာရေးသားနည်းသင်တန်းဆင်းပွဲကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ Community Centre တွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းအေးက အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန် သင်ကြားပေးသည့် သင်ခန်းစာများကို ဆက်လက်လေ့လာရန်နှင့် သုတ၊ ရသစာပေများ ဖတ်ရှုလေ့လာကြရန်ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင် သင်တန်းနည်းပြစာရေးဆရာမ ဒဂုံကြည်ဇော်က သင်တန်းဆုချီးမြှင့်ခြင်း အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်စာရေးဆရာအသင်းတာဝန်ရှိသူနှင့် သင်တန်းနည်းပြဆရာမတို့က စာစီစာကုံးရေးသားနည်းသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပေးအပ်ခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာမအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။
နေမျိုးအောင် (ဒဂုံတောင်)