လွိုင်လင်မြို့ သမိုင်းဝင်မွေတော်ဖီပြဘုရား တပေါင်းပွဲတော်ဖွင့်ပွဲကျင်းပ

လွိုင်လင်  မတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ သမိုင်းဝင်မွေတော်ဖီပြဘုရား ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အဆိုပါဘုရား အရှေ့ဘက် အာရုံခံတန်ဆောင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားကို န‌မောတဿ သုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များကို ဩကာသကန်တော့ချိုးဖြင့်ကန်တော့ပါသည်။ ယင်းနောက် မြို့လယ်ကျောင်းတိုက်ဆရာတော်ထံမှ ငါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော် ရွတ်ခြင်း၊ လှူဖွယ်ပစ္စည်းဆက်ကပ်ခြင်းတို့ကို ဆောင်ရွက်ပြီး မြို့လယ်ကျောင်းတိုက် ဆရာတော် ထံမှ အနုမောဒနာတရားနာယူပြီး ရေစက်သွန်ချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် စေတီတော်ဂေါပကအဖွဲ့ ဥပသကာများမှ မွန်းတည့် (၁၂) နာရီမှစတင်၍ ပဌာန်းတရားတော်များရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါ သမိုင်းဝင်မွေတော်ဖီပြဘုရား ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာပူဇော်ခြင်းများနှင့် ပွဲတော်ရက်အတွင်းပူဇော်ကြမည်ဖြစ်သည်။ တပေါင်းလပြည့်နေ့ မွန်းလွဲ (၁) နာရီတွင် ပင့်သံဃာအပါး (၄၀၀) တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး