ရန်ကုန် မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club)အဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက်(၁၀)နာရီတွင် Community Centre ခန်းမ၌ စာရေးဆရာမ အေးဖြူရေးသားသည့် စိတ်ခွန်အားဖြည့် သုတစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဉ္ဇာဝင်းပြည့်က စာရေးဆရာမအေးဖြူရေးသားသည့် စိတ်ခွန်အားဖြည့် သုတစာစုများ စာအုပ်မှ “ပန်းပျိုးလက်များ” ဆောင်းပါးကို ဖတ်ကြားဆွေးနွေးခြင်းနှင့် တက်ရောက်လာကြသော Women Club အဖွဲ့ဝင်များက မိမိတို့ဖတ်မှတ်မိသမျှ စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားရှိသော သုတ/ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကိုကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)