တိုက်ကြီး မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် (၈၀) ပြည့်နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော ခရိုင်ချင်းဆက်လမ်းအမှတ် (၁) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၇) ရက်နေ့ နံနက် ၆ နာရီခွဲခန့်က တိုက်ကြီးမြို့နယ် ခရိုင်ချင်းဆက်လမ်းအမှတ် (၁) ၌ ကျင်းပပြုလုပ်သည်။
အဆိုပါလမ်းသစ်၌ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား (၂၀၀) ဦးခန့် တက်ရောက်ပြီး အခမ်းအနားတွင် တိုင်းဒေသကြီးလမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး (မြို့ပြ) က ခရိုင်ချင်းဆက်လမ်းအမှတ် (၁) ကွန်ကရစ်လမ်းသစ်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ရပ်မိရပ်ဖ (၁) ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဖွင့်ပွဲမုခ်ဦးရှေ့တွင် အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခရိုင်ချင်းဆက်လမ်းအမှတ် (၁) ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာအနီး ဧက ၂၀၀၀ မွေးမြူရေးဇုန်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် သနပ်ချောင်းပိတ်တမံ ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိရာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ သနပ်ချောင်းပိတ်ရေလှောင်တမံ တည်ဆောက်ရခြင်းနှင့် အကျိုးပြုမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးဇုန်တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင် (၁) ဦးမှ ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ သနပ်ချောင်းပိတ်ရေလှောင်တမံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မုခ်ဦးရှေ့၌ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရေလှောင်တမံအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)