အောင်မြေသာစံ မတ် ၉
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်-မန္တလေး၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့က မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ သူနာပြုတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်၊ပါမောက္ခ ဒေါက်တာခင်ဝင်းစိန်၊ ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ဌာနမှူးများ၊ ဘွဲ့ရမောင်မယ်များ တက်ရောက်ကြသည်။
အစီအစဉ်အရ သူနာပြုတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်က သူနာပြုသစ္စာအဓိဋ္ဌာန်(၈)ချက်ကိုတိုင်ပေးပြီး သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ အထူးပြုသူနာပြု ဒီပလိုမာဘွဲ့နှင့် သူနာပြုသိပ္ပံဘွဲ့များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့ကကြေညာခြင်း ခံကြရသူများအားဘွဲ့များ အပ်နှင်းကြသည်။
သူနာပြုတက္ကသိုလ်_မန္တလေး၏ အကြိမ်(၂၀)မြောက်၊ (၂၁)ကြိမ်နှင့် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သူနာပြုပါရဂူဘွဲ့(၂)ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ (၁၀)ဦး၊ အထူးပြုသူနာပြုဒီပလိုမာ (၁၁)ဦး၊ သူနာပြုသိပ္ပံဘွဲ့ (၁၂၆)ဦး ၊(၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သူနာပြုမဟာသိပ္ပံဘွဲ့ (၁၃)ဦး၊ အထူးပြုသူနာပြု ဒီပလိုမာ (၁၄)ဦး၊ သူနာပြုသိပ္ပံဘွဲ့ (၁၇၇)ဦးနှင့် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သူနာပြုမဟာသိပ္ပံဘွဲ့ (၁၄)ဦး၊ အထူးပြု သူနာပြုဒီပလိုမာ (၃၄)ဦး၊ သူနာပြုသိပ္ပံဘွဲ့ (၆၉)ဦး ၊အဝေးရောက်ဘွဲ့ယူသူ သူနာပြုပါရဂူဘွဲ့ (၁)ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ (၄)ဦး၊ အထူးပြုသူနာပြုဒီပလိုမာ (၁၃)ဦး၊ သူနာပြုသိပ္ပံဘွဲ့ (၄၀)ဦး အပါအဝင် စုစုပေါင်း (၅၂၇)ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်ပေးအပ်ပြီး၊ ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)