တိုက်ကြီးမြို့နယ်တွင် ပြည်သူ့ဆေးရုံ(၂)ထပ်ကုသဆောင်သစ်ဖွင့်ပွဲကျင်းပ

တိုက်ကြီး မတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ပြည်သူ့ဆေးရုံ(၂)ထပ် ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို မတ်လ ၇ ရက်နေ့နံနက် ၉ နာရီက တိုက်ကြီးမြို့နယ်  ဗောဓိကုန်းရပ်ကွက် ဆေးရုံလမ်းရှိ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်သူ့ဆေးရုံ  (၂) ထပ်ကုသဆောင်သစ်အဆောက်အဦအား တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပြည်သူ့ဆေးရုံ တိုက်ကြီးမြို့ဆိုင်းဘုတ်အား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့မှ စက်ခလုပ်နှိပ်ဖွင့်လှစ်ကာဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်း ကြေးပြားအား အမွှေးနံ့သာများဖြင့် ပက်ဖြန်းသည်။ ဆက်လက်ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ကုသဆောင်သစ်အား လှည့်လည်ကြည့်ရှုသည်။ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီးပြည်သူ့ဆေးရုံ (၂)ထပ်ကုသဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ)က တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးထံ လွှဲပြောင်းပေးအပ်ပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံ(၂)ထပ်ကုသဆောင်သစ်အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၃၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)