မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနား တက်ရောက်

မော်လမြိုင် မတ် ၉

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဝင်းအတွင်း၊ အပြင် သန့်ရှင်းရေး ဆောင်ရွက်နေမှုအ‌ခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အခြေခံပညာစာသင်ကျောင်းများ သန်ရှင်း၍ စိမ်းလမ်းစိုပြေစေရေး အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာမှုရှိစေရေးအတွက်  လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။   

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများတွင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး‌ဆောင်ရွက်ခြင်းကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိ‌ကြောင်းလည်း သိရသည်။

၂၀၂၅ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာအမျိုးသမီးများရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန်၊ အမျိုးသမီးများ လူမှုအဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်နိုင်ရန်၊ အမျိုးသမီးများ၏ အခွင့်အရေး အပြည့်အဝရရှိစေရန်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျားမတန်းတူ ညီမျှမှုကို ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ အခမ်းအနားများကိုလည်း ကျင်းပလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသမီးများရဲ့ ဘဝဖွံ့ဖြိုးရေး၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်ခံရမှုများ မရှိစေရေး၊ အမျိုးသမီးများရဲ့အခန်းကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာဖို့ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး စသည့် အခွင့်အလမ်းတွေကို နိုင်ငံတစ်ဝှမ်း တန်းတူညီမျှ ဖော်ဆောင်ပေးလျက်ရှိရာလူ့အဖွဲ့အစည်းအနေနဲ့ အမျိုးသမီးများကို ပညာရေးဆိုင်ရာ အထောက်အပံ့နှင့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လုပ်ခလစာနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာများပေးခြင်း၊ ကျန်းမာရေးဗဟုသုတနှင့် စောင့်ရှောက်မှုအစီအစဉ်များ ဖန်တီးပေးခြင်း၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများကို ကာကွယ်ပေးသည့် ဥပဒေမူဝါဒများ ပြဋ္ဌာန်းပေးခြင်း၊  အမျိုးသမီးများအပေါ် လူမှုရေး အမြင်များ ပြောင်းလဲရန် အသိပညာပေးခြင်းနှင့် ကျား၊ မ တန်းတူညီမျှမှုကို လက်တွေ့ကျင့်သုံး ဆောင်ရွက်ခြင်းတို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းမှာ အဓိကအင်အားစုကြီးတစ်ခုဖြစ်သည့် မြန်မာအမျိုးသမီးများဟာ ကဏ္ဍစုံမှာ အမျိုးသားများနဲ့ တန်းတူပါဝင်ဆောင်ရွက်နေကြတဲ့ မြန်မာအမျိုးသမီးများအားလုံးကိုလည်း ဂုဏ်ယူပါကြောင်းနှင့် မိမိတို့ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပြီး မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်များ ဖန်တီးပေးနိုင်ပါစေကြောင်းပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သော သဝဏ်လွှာအား Video Clipနှင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clipအား ပြသ​နေမှုများကို ​ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအား​ပေးခဲ့သည်။

ယင်းနောက် သားဖွားသင်တန်းကျောင်း (မော်လမြိုင်) မှ ကျောင်းသူလေးများက တစ်နှစ်နွမ်း တစ်နှစ်ဆမ်း သီချင်းနှင့် လက်ခတ်သံတေးသီချင်းဖြင့် လည်းကောင်း၊ အမှတ် (၁) မူကြိုကျောင်းမှ သမီးငယ်လေးများက ပျူခေတ်အကဖြင့်လည်းကောင်းကပြဖျော်ဖြေတင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကာ ခန်းမအတွင်း ခင်းကျင်းပြသထားသော လူမှုဝန်ထမ်းဦးစီးဌာ လက်အောက်ရှိ အိမ်တွင်းမှုကျောင်းနှင့် မော်လမြိုင်မြို့ OSWSC တို့မှ ထုတ်ကုန်များနှင့် အမျိုးသမီးများ၏ ဒေသထွက်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)