ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ထန်းတပင်မြို့နယ်အတွင်းတွင် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်(ထန်းတပင်) မတ် ၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ မြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး  မတ်လ (၈)ရက်နေ့ကလည်း တံတားဦးကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ထန်းတပင်မြို့နယ်ရုံးဝန်ထမ်းများက တံတားဦးကျေးရွာအတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ကျေးရွာနေပြည်သူများအား လိုအပ်သောသက်သေခံအထောက်အထားများနှင့် စာရွက်စာတမ်းများစိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ရွှေ့ပြောင်းနေထိုင်သူများကိုလည်း ကော်မတီဖြင့်စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)